ECG ကိုမည်သို့ပြုလုပ်ပါသနည်း။
ဤသည်မှာ နာကျင်မှုမရှိသော လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါသည်။ လူနာအား လှဲခိုင်းပြီး သတ္တုပြားငယ်များ (လျှပ်ကူးပစ္စည်း) များကို အရေပြားပေါ်တွင် ကပ်ထားပါမည်။ ဤလျှပ်ကူးပစ္စည်းများအား ပခုံး၊ ရင်ဘတ်၊ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များတွင် သက်မှတ်ထားသောပုံစံဖြင့် ထားရှိထားရပါမည်။ ထိုသို့ထားရှိပြီးနောက် လူနာကိုငြိမ်ငြိမ်နေစေပြီး နှလုံးခုန်နှုန်းများကို သက်မှတ်ထားသောအချိန်တိုအတွင်း မှတ်တမ်းတင်ထားမည်ဖြစ်ပါသည်။
ECG သည် နှလုံး၏လျှပ်စီးကြောင်းကို ရွေ့လျားနေသောစာရွက် သို့မဟုတ် ဖန်သားပြင်ပေါ်ရှိ မျဉ်းကြောင်းပေါ်တွင် မှတ်တမ်းတင်ပေးမည်ဖြစ်ပါသည်။ ဂရပ်တွင် နှလုံး၏ လျှပ်စီးကြောင်းကို ဖော်ပြပေးသည့် လှိုင်းများစွာ ပါဝင်ပါသည်။ နှလုံးအပေါ်ခန်းလှုပ်ရှားမှုကို Pလှိုင်း၊ နှလုံးအောက်ခန်းလှုပ်ရှားမှုကို QRS Complex နှင့် နှလုံးအောက်ခန်းများ၏ ပြန်လည်အနားယူခြင်းကို T wave ဟူ၍ အခြေခံလှိုင်း ၃ ခုရှိပါသည်။ ST segment သည် အများအားဖြင့် QRS complex နှင့် T wave အကြား မျဉ်းဖြောင့်တစ်ခုအနေနှင့် ပေါ်လာပါသည်။
