နှလုံးသွေးကြောကျဉ်းရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါ (CAD) သည် နှလုံးကြွက်သားများအား သွေးထောက်ပံ့နေသော သွေးလွှတ်ကြောများအတွင်း အဆီခဲများစုဝေးပိတ်ဆို့ခြင်းကြောင့် သွေးကြောကျဉ်းလာခြင်းဖြစ်ပါသည်။ ဤဖြစ်စဉ်သည် နှလုံးရှိသွေးလွှတ်ကြောများ၏ အတွင်းပိုင်းအား ကျဉ်းမြောင်းစေပြီး နှလုံးကြွက်သားများသို့ အောက်ဆီဂျင်ပြည့်ဝသောသွေးရောက်ရှိမှုကို ကန့်သတ်စေပါသည်။ နှလုံးသွေးကြောကျဉ်းရောဂါ၏ နှလုံးအပေါ်အကျိုးသက်ရောက်မှုအား အသေးစိတ်ပိုမိုနားလည်ရန်အတွက် နှလုံး၏အခြေခံဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာများအား အကြမ်းဖြင်းလေ့လာခြင်းဖြင့် အထောက်အကူဖြစ်စေပါသည်။
နှလုံးသည် အခြေခံအားဖြင့် ညှစ်ထုတ်သည့်စက် (pump) တစ်ခုသာဖြစ်ပါသည်။ နှလုံးသည် myocardium ဟုခေါ်သော နှလုံးကြွက်သားအစုအဝေးဖြင့် ဖွဲ့စည်းထားပါသည်။ နှလုံး၏အဓိကလုပ်ငန်းဆောင်တာမှာ ခန္ဓာကိုယ်တစ်ခုလုံးသို့ အောက်ဆီဂျင်နှင့်အာဟာရဓာတ်များ ရောက်ရှိနိုင်ရန် သွေးများညှစ်ထုတ်ပေးခြင်းဖြစ်ပါသည်။ နှလုံးကြွက်သား (myocardium) သည်လည်း အောက်ဆီဂျင်နှင့်အာဟာရဓာတ်များကို အခြားခန္ဓာကိုယ်အစိတ်အပိုင်းများနည်းတူ လိုအပ်ပါသည်။ နှလုံး၏ အတွင်းခန်းများမှဖြတ်သန်းသွားသော (နှလုံးမှညှစ်ထုတ်လိုက်သော) သွေးများသည် ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများသို့သာ ရောက်ရှိပါသည်။ ထိုသွေးများသည် နှလုံးကြွက်သား (myocardium) ကို အောက်ဆီဂျင်နှင့်အာဟာရဓာတ်များ မပို့ဆောင်ပေးပါ။ နှလုံးကြွက်သား (myocardium) သည် အောက်ဆီဂျင်နှင့်အာဟာရဓာတ်များကို နှလုံး၏ပြင်ပ၌ရှိသော နှလုံးသွေးလွှတ်ကြောများမှသာ ရရှိပါသည်။









