ပုံမှန်မဟုတ်သော နှလုံးခုန်မြန်ခြင်းအခြေအနေ
ပုံမှန်အားဖြင့် နှလုံးသည် တစ်မိနစ်လျှင် 60 – 100 ကြိမ်နှုန်းဖြင့် ခုန်သည်။ နှလုံးခုန်မမှန်ခြင်းအခြေအနေဟုဆိုသည်မှာ ပုံမှန်ထက် နှလုံးခုန်မြန်ခြင်း သို့မဟုတ် နှေးခြင်းကို ဆိုလိုသည်။ နှလုံး၏ လျှပ်စစ်လှိုင်း ထွက်ပေါ်လာမှု (electric impulse generation) မမှန်ခြင်း၊ နှလုံးလျှပ်စစ်လှိုင်း ကူးပြောင်းပေးမှု (conduction) မမှန်ခြင်း သို့မဟုတ် နှစ်မျိုးလုံး ပေါင်းစပ်၍ မမှန်ခြင်းကြောင့် ဖြစ်နိုင်သည်။ နှလုံးရောဂါအမျိုးအစားများစွာတွင် တွေ့ရနိုင်ပြီး ရောဂါဖြစ်စဉ် (pathology) တွေ့ရသော အခြေအနေများ (ဥပမာ- နှလုံးအဆို့ရှင် မမှန်ခြင်း၊ နှလုံးကြွက်သား မမှန်ခြင်း၊ နှလုံးသွေးကြော ကျဉ်းကျပိတ်ဆို့ခြင်း) နှင့် ရောဂါဖြစ်စဉ် မတွေ့ရသော အခြေအနေများ (ဥပမာ- နှလုံးလျှပ်စစ်လှိုင်း လမ်းကြောင်းတို (accessory pathway) ဖြစ်ခြင်း) တို့တွင်လည်း တွေ့နိုင်သည်။
ပုံမှန်မဟုတ်သော နှလုံးခုန်မြန်ခြင်း၏ လက္ခဏာများ
လူနာတွင် အောက်ပါလက္ခဏာများ ဖြစ်နိုင်သည်
- နှလုံးတုန်ခြင်း
- မူးဝေခြင်း
- ရင်ဘတ်အောင့်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အားမရှိခြင်း
- မူးလဲသတိလစ်ခြင်း
- နှလုံးပျက်ကွက်ခြင်း နှလုံးခုန်နှုန်း၊ ဖြစ်ပွားသည့်ကြာချိန် နှင့် နှလုံး၏ ရောဂါဖြစ်စဉ်အပေါ် မူတည်သည်
လူနာတွင် ဖြစ်ပေါ်သော လက္ခဏာများကြောင့် စိုးရိမ်ပူပန်မှု သို့မဟုတ် ကြောက်ရွံ့မှု ဖြစ်လာပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်တော့သည့်အထိ ဖြစ်နိုင်သည်။ မကြာခဏဆိုသလို လူနာများသည် “လက္ခဏာအားလုံးသည် စိတ်ဖိစီးမှုကြောင့်” ဟု အကြံပြုခံရပြီး စိုးရိမ်ပူပန်မှုလျော့စေသော ဆေး သို့မဟုတ် အိပ်ဆေးများကို အချိန်ကြာကြာ သောက်သုံးရတတ်သည်။ သို့သော် လက္ခဏာများ မကောင်းမွန်ပဲ ဆက်ဖြစ်နေသောကြောင့် “မကုသနိုင်သော ရောဂါ” ဟု ခံစားလာပြီး စိတ်ပျက်အားလျော့မှု၊ ငြီးငွေ့မှုများ ဖြစ်လာနိုင်သည်။ ယနေ့ခေတ်တွင် ဆေးဘက်ဆိုင်ရာ စစ်ဆေးအတည်ပြုနည်းလမ်းများ တိုးတက်လာသဖြင့် အကြောင်းရင်းကို ရှာဖွေတွေ့ရှိ၍ မှန်ကန်သင့်လျော်သော ကုသမှု ပိုမိုကောင်းမွန်စွာ ပေးနိုင်လာပြီဖြစ်သည်။
ဂရုစိုက်စောင့်ရှောက်၍ အန္တရာယ်ဖြစ်စေသော အကြောင်းရင်းများ လျော့ချခြင်း
ပုံမှန်မဟုတ်သော နှလုံးခုန်မြန်ခြင်းကို ဖြစ်စေနိုင်သော လှုံ့ဆော်အကြောင်းရင်းများကို ရှောင်ကြဉ်သင့်သည်၊ အောက်ပါအချက်များဖြစ်သည်။
- စိတ်ဖိစီးမှု
- စိုးရိမ်ပူပန်မှု
- အလွန်အကျွံ အာရုံစိုက်ကြိုးစားနေခြင်း
- အနားယူမှု မလုံလောက်ခြင်း
- အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ခြင်း
- ဆေးလိပ်သောက်ခြင်း
- လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့်အချိုရည်၊ ကာဖိန်းပါဝင်သော အမြှုပ်ပါအချိုရည်များ၊ အရက် သောက်သုံးခြင်း
- နှလုံးကို လှုံ့ဆော်စေသော ဆေးများကို သောက်သုံးခြင်း သို့မဟုတ် ဆေးထိုးခြင်း

နှလုံးခုန်မမှန်ခြင်းအခြေအနေကို စစ်ဆေးအတည်ပြုခြင်း
နှလုံးခုန်မမှန်ခြင်းသည် မည်သည့်အမျိုးအစားဖြစ်သည်နှင့် နှလုံး၏ ရောဂါဖြစ်စဉ် (pathology) တွဲဖက်ရှိ/မရှိကို စစ်ဆေးရန် ဆရာဝန်သည် မကြာခဏ နှလုံးလျှပ်စစ်မှတ်တမ်း (ECG) စစ်ဆေးခြင်း သို့မဟုတ် 24 နာရီ ECG စောင့်ကြည့်စစ်ဆေးခြင်း၊ စက်ပေါ် လမ်းလျှောက်စမ်းသပ်ခြင်း (အထူးသဖြင့် လေ့ကျင့်ခန်းလုပ်စဉ်တွင် နှလုံးခုန်မမှန်ဖြစ်တတ်သူများ)၊ ဖုန်းမှတဆင့် ECG ကို စောင့်ကြည့်ခြင်းနှင့် လက်တွေ့စမ်းသပ်ခန်းအတွင်း နှလုံးလှုံ့ဆော်စမ်းသပ်ခြင်း (electrophysiology study) တို့ကို ပြုလုပ်တတ်သည်။ လက်တွေ့စမ်းသပ်ခန်းအတွင်း နှလုံးလှုံ့ဆော်စမ်းသပ်ခြင်းကို ယနေ့ခေတ်တွင် နှလုံးအပေါ်ခန်း (atria) တွင် မမှန်ခြင်းရှိသည်ဟု သံသယရှိသော လူနာများ၊ နှလုံးအောက်ခန်း (ventricles) ၏ လျှပ်စစ်ကူးပြောင်းမှုမမှန်ခြင်း၊ နှလုံးခုန်မြန်မမှန်ခြင်း၊ အသက်ကယ်ဆောင်ရွက်မှုမှ အသက်ရှင်ကျန်ရစ်သူများ နှင့် မကြာခဏ မူးလဲသတိလစ်သော်လည်း အကြောင်းရင်းမရှာဖွေတွေ့သော လူနာများတွင် အကြောင်းရင်းရှာဖွေရန် အသုံးပြုလာကြသည်။
ပြင်းထန်မလာမီ အမြန်ကုသပါ
နှလုံးခုန်မမှန်ခြင်းရှိသည့် လူနာအချို့တွင် လက္ခဏာမရှိနိုင်သောကြောင့် အရေးပါမှုနှင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများကို မသိမမြင် ဖြစ်တတ်သည်။ ထိုနောက်ဆက်တွဲပြဿနာများသည် လူနာနှင့် မိသားစု၏ ဘဝနေထိုင်မှုတွင် အခက်အခဲများ ဖြစ်စေနိုင်ပြီး မလှုပ်ရှားနိုင်တော့သော အကြောပျက်ကွက်မှု (paralysis) မှ စ၍ သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။ အများဆုံးတွေ့ရသော နှလုံးခုန်မမှန်ခြင်းမှာ နှလုံးအပေါ်ခန်း ခုန်မမှန်ခြင်းဖြစ်ပြီး Atrial Fibrillation ဟု ခေါ်သည်။ နှလုံးခုန်မမှန်ခြင်းကြောင့် နှလုံးအတွင်း သွေးခဲ (thrombus) ဖြစ်ပေါ်ပြီး ထိုသွေးခဲသည် ခွာထွက်ကာ ဦးနှောက်သွေးကြောကို ပိတ်ဆို့သွားနိုင်သဖြင့် လူနာတွင် တစ်နှစ်လျှင် 10 – 15% ထိ အကြောပျက်ကွက်မှု (stroke) ဖြစ်နိုင်ခြေ ရှိသည်။ ထို့အပြင် နှလုံးအားနည်းခြင်း (heart failure) ဖြစ်စေပြီး ဆီးချိုရောဂါ၊ နှလုံးသွေးကြောပိတ်ဆို့ခြင်းတို့နှင့် တွဲဖက်တွေ့ရပါက သေဆုံးနိုင်မှု ပိုမိုမြင့်တက်လာသည်။ ထို့ကြောင့် ရေရှည်တွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာပြီးနောက်တွင် လူနာ၏ ကျန်းမာရေးနှင့် ဘဝအရည်အသွေးကို ယခင်ကဲ့သို့ ကောင်းမွန်အောင် ပြန်လည်ကုသရန် ခက်ခဲလာနိုင်ကြောင်း တွေ့မြင်နိုင်သည်။
နှလုံးခုန်မမှန်ခြင်းအခြေအနေကို ကုသခြင်း
နှလုံးခုန်မမှန်ခြင်းကို အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်
1) ဆေးဝါးဖြင့်ကုသခြင်း ဆရာဝန်သည် ဆေးသာဖြင့် ကုသနိုင်ပြီး စိတ်ဖိစီးမှုလျော့စေသော ဆေးများမှ စတင်နိုင်သည်။ ဆရာဝန်က နှလုံးခုန်မမှန်မှုတားဆေး (antiarrhythmic) သို့မဟုတ် နှလုံးလှုံ့ဆော်ဆေး ပေးနိုင်သည်။
2) အထူးကက်သက်တာ (catheter) ဖြင့် ရေဒီယိုလှိုင်းကြိမ်နှုန်း စွမ်းအင်အပူဖြင့် မီးရှို့ကုသခြင်း (Radiofrequency Catheter Ablation) ပုံမှန်မဟုတ်သော နှလုံးခုန်မြန်ခြင်းကို ကုသရာတွင် ထိရောက်မှုကောင်းမှ အလွန်ကောင်း (80 – 95%) အထိ ရှိသော နည်းလမ်းတစ်ရပ်ဖြစ်သည်။ ကက်သက်တာကို နှလုံးအတွင်း နေရာအမျိုးမျိုးသို့ ထည့်သွင်းထားကာ ECG လှိုင်းများကို တိုင်းတာပြီး နှလုံးကို လှုံ့ဆော်စမ်းသပ်သည်။ ထို့နောက် ဆရာဝန်သည် အထူးကက်သက်တာကို နောက်ထပ် 1 ချောင်း ထည့်သွင်းကာ ပုံမှန်ထက် လျှပ်စစ်ကူးပြောင်းမှု မြန်နေသော နေရာကို ရှာဖွေသည်။ လိုအပ်သော နေရာကို ရှာတွေ့ပြီးနောက် ဆရာဝန်က ကြိမ်နှုန်းမြင့် လျှပ်စစ်အားကို ထုတ်လွှတ်ပြီး အထူးကက်သက်တာအရှေ့ဖျားတွင် အပူစွမ်းအင်အဖြစ် ပြောင်းလဲကာ ထိုနေရာရှိ လျှပ်စစ်ကူးပြောင်းမှုကို ဖျက်ဆီးပေးသည်။ ထို့ကြောင့် နှလုံးသည် ထပ်မံ မမှန်အောင် မခုန်တော့ပေ။
လူနာအများအပြားက စိုးရိမ်တတ်သည်မှာ ရေဒီယိုလှိုင်းကြိမ်နှုန်း စွမ်းအင်အပူဖြင့် မီးရှို့ကုသခြင်းသည် အန္တရာယ်ရှိမည်ဟူသော အချက်ဖြစ်သည်။ သို့သော်ဤနည်းလမ်းမှ အန္တရာယ်သည် အလွန်နည်းပါးသည်။ အသုံးပြုသော လျှပ်စစ်လှိုင်းသည် လျှပ်အားနည်း (40 – 60 ဗို့ ခန့်) ဖြစ်ပြီး နှလုံးတစ်ရှူးတွင် 55 – 60 ဒီဂရီစင်တီဂရိတ် အပူစွမ်းအင်အဖြစ် ပြောင်းလဲသည်။ ဤစွမ်းအင်သည် နှလုံးကြွက်သား သို့မဟုတ် အာရုံကြောအဖျားများကို မလှုံ့ဆော်ပါ။ လူနာသည် ရင်ဘတ်အောင့်နည်းနည်းသာ ခံစားရနိုင်သောကြောင့် မေ့ဆေးမထိုးဘဲလည်း အသုံးပြုနိုင်သည်။
3) အထူးကိရိယာ ထည့်သွင်းခြင်း နှလုံးအောက်ခန်း (ventricles) သည် အလွန်မြန်စွာ ခုန်ခြင်းကြောင့် သွေးပေါင်ကျသွား၍ သွေးခုန်နှုန်း မစမ်းမိခြင်း၊ ပုံစံအမျိုးမျိုး ပြောင်းလဲပြီး အလှည့်ကျ ဖြစ်ပွားခြင်း သို့မဟုတ် နှလုံးအောက်ခန်း တုန်ယိမ်းခုန်ခြင်း (ventricular fibrillation) ဖြစ်ပွားလျှင် နှလုံးခုန်ခြင်းသည် အမြန်အချိန်အတွင်း ပုံမှန်သို့ မပြန်လာပါက လူနာသေဆုံးနိုင်သည်။ ထို့ကြောင့် ဆရာဝန်က ရင်ဘတ်တွင် အလိုအလျောက် နှလုံးရှော့ခ်ကိရိယာ (implantable cardioverter defibrillator) ထည့်သွင်းခြင်းကို နှလုံးခုန်မမှန်မှုတားဆေး သောက်သုံးခြင်းနှင့် တွဲဖက်၍ အကြံပြုမည်ဖြစ်သည်။ ပုံမှန်ထက် နှလုံးခုန်နှေးသည့် အခြေအနေတွင် ဆရာဝန်က နှလုံးခုန်နှုန်း လှုံ့ဆော်ကိရိယာ (pacemaker) ကို ထည့်သွင်းမည်ဖြစ်ပြီး အမျိုးအစား 2 မျိုးရှိသည်။ တစ်ခန်းလှုံ့ဆော်အမျိုးအစားနှင့် နှစ်ခန်းလှုံ့ဆော်အမျိုးအစား ဖြစ်သည်။ မည်သည့်အမျိုးအစား ထည့်သွင်းမည်ဆိုသည်မှာ လူနာတွင် ရှိနေသော ရောဂါဖြစ်စဉ်အပေါ် မူတည်သည်။








